နုပျိုချင်သလား၊ ဒါတွေ ရှောင်ပါ
ကြီးငယ်မဟူ ကျားမမရွေး မနုပျိုဘဲ အိုမင်းရင့်ရော်ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။ ဇရာကို အန်တုလို့ နုပျိုနိုင်သမျှ နုပျိုတာကို လိုချင်ကြသူချည်းပါပဲ။ ဒါပေမယ့် စိတ်ကသာ နုပျိုချင်ပြီး အပြုအမူတွေကတော့ နုပျိုမှုကို တားဆီးမယ့်အရာတွေကို လုပ်မိနေတတ်ကြပါတယ်။ ဒါကြောင့် နုပျိုမှုအတွက် အတားအဆီးတွေက ဘာတွေလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
1. အိပ်ရေးဝအောင် မအိပ်တာ
အိပ်ချိန်မမှန်တဲ့သူ၊ အိပ်ရေးဝအောင် မအိပ်တဲ့သူတွေမှာ Stress Hormone လို့ခေါ်ကြတဲ့ Cortisol ဟော်မုန်းတွေ ပိုမိုထွက်လာတတ်ပါတယ်။ Cortisol တွေက အသားအရေကို နုပျိုချောမွေ့စေတဲ့ Collagen တွေကို ခြေဖျက်ပစ်တာကြောင့် အိုမင်းရင့်ရော်လာစေတဲ့ အဓိကအကြောင်းရင်းပါပဲ။ ဒါကြောင့် နုပျိုချင်ရင် အိပ်ချိန်မှန်ဖို့၊ အိပ်ရေးဝဖို့ လိုပါတယ်။
2. နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ
နေရောင်ခြည်ထဲမှာပါတဲ့ UV Rays တွေက Collagen တွေကို ပျက်စီးစေသလို တင်းတိပ်နဲ့ မှဲ့ခြောက်တွေ ဖြစ်စေတာ၊ အသားအရေလျော့တွဲပြီး အရေးအကြောင်းတွေ ဖြစ်စေတာအပြင် အရေပြားကင်ဆာကိုလည်း ဖြစ်စေနိုင်တဲ့ တရားခံတွေပါ။
3. Moisturizer မလိမ်းတာ
အသားအရေက ခြောက်သွေ့နေတဲ့အခါ ကြမ်းတမ်းလာပြီး အသားပပ်၊ အရေးပြားကွာလာတာ၊ နီရဲယားယံလာတာတွေ ဖြစ်စေသလို အိုမင်းတဲ့ပုံ ပေါက်စေပါတယ်။ ဒါကြောင့် Moisturizer ကို တစ်နေ့ ၂ ကြိမ် မှန်မှန်လိမ်းဖို့ မမေ့ပါနဲ့။
4. ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက သွေးလှည့်ပတ်မှုကို နှေးစေပြီး အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ရောက်ရှိမှု လျော့နည်းစေလို့ အသားအရေ ပျော့တွဲလာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာမျိုး ဖြစ်ပါလိမ့်မယ်။
5. လေ့ကျင့်ခန်းပုံမှန်မလုပ်တာ
ကိုယ်လကလှုပ်ရှား လေ့ကျင့်ခန်း လုပ်တာက ကြွက်သားနဲ့အရိုးတွေ သန်မာစေသလို စိတ်ခံစားမှု ကောင်းစေတာ၊ ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပြည့်စေတာ၊ မှတ်ဥာဏ်ကောင်းစေတာ၊ နှလုံးသွေးတိုးဆီးချိုနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရစေပါတယ်။ နုပျိုကျန်းမာချင်တဲ့သူတွေဟာ တစ်နေ့ကို နာရီဝက်ခန့် လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။
6. ကျန်းမာရေးနဲ့ညီအောင် မစားတာ
ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ၊ Antioxidants တွေ ကြွယ်ဝတဲ့ အသား၊ ငါး၊ အသီးအရွက်၊ အစေ့အဆန်တွေ နေ့စဥ်ပါဝင်အောင် စားပါမှ နုပျိုကျန်းမာမှာပါ။ ဒီလိုမဟုတ်ဘဲ အဆီအစိမ့်နဲ့ ဆီကြော်တွေ၊ အလွယ်တကူ ရတဲ့ Snack တွေ၊ Processed Foods လို့ခေါ်တဲ့ ဘီစကစ်၊ ကွက်ကီး၊ ကိတ်မုန့်၊ ပီဇာ၊ ဟမ်ဘာဂါလို အစားအစာတွေနဲ့ ရယ်ဒီမိတ်အစားအစာတွေကိုပဲ စားသုံးနေမယ်ဆိုရင် အိုမင်းရင့်ရော်မှုနဲ့ ရောဂါပေါင်းစုံက သင့်ဆီကို ရောက်လာပါလိမ့်မယ်။
7. မျက်မှောင်ကျုံ့တာ
"မျက်မှောင်ကျုံ့ရင် အလှပျက်ချေရဲ့ဗျာ" ဆိုတဲ့ သီချင်းတောင် ရှိပါတယ်။ မျက်မှောင်ကျုံ့တာ၊ မျက်နှာကို ရှုံ့မဲ့တာတွေ မကြာခဏ လုပ်တာက အရေးအကြောင်းတွေ ဖြစ်စေပါတယ်။ ဒါကြောင့် နုပျိုချင်ရင် မျက်မှောင်မကျုံ့မိအောင် သတိထားဖို့ လိုပါမယ်။
8. ပေါင်းသင်းဆက်ဆံရေး မကောင်းတာ
မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဆက်ဆံရေး မပြေလည်ရင် စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုတွေ များပြားစေပြီး စိတ်ခံစားမှုလည်း မကောင်းသလို အိုမင်းရင့်ရော်စေတဲ့ Cortisol ဟော်မုန်းတွေလည်း ပိုမိုထွက်လာပါလိမ့်မယ်။
9. သွေးပေါင်မှန်မှန် မချိန်တာ
သွေးတိုးရှိနေမှန်း သတိမထားမိရင်၊ မသိခဲ့ရင် ဖိအားများနေတဲ့ သွေးကြောတွေက ဦးနှောက်ထဲကို သွေးရောက်ရှိအောင် မပို့ဆောင်နိုင်ဘဲ ဦးနှောက်ထဲက သွေးကြောငယ်တွေကို ပျက်ဆီးစေလို့ အိုမင်းမှုရဲ့ လက္ခဏာဖြစ်တဲ့ အယ်လ်ဇိုင်းမားသတိမေ့ရောဂါနဲ့ သူငယ်ပြန်သတိမေ့ရောဂါတွေ ဖြစ်စေပါလိမ့်မယ်။
10. ပုံမှန်ဆေးစစ်ခြင်း မလုပ်တာ
အသက် ၅၀ ကျော်လာတဲ့အခါ သွေးပေါင်ပုံမှန်ချိန်တာ၊ သွေးထဲက သကြားဓာတ်နဲ့ ကိုလက်စထရော အခြေအနေတွေ စစ်ဆေးတာ၊ နှလုံးသွေးတိုးဆီးချိုတွေ ရှိမရှိ စစ်ဆေးတာတွေ မလုပ်ရင် အိုမင်းမစွမ်းဆိုတဲ့ စကားလို မြန်မြန်ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် အသက်အရွယ်ကြီးနေရင်တောင် နုပျိုပြီး လှပစေနိုင်ဖို့ အခုပြောခဲ့တဲ့ အချက်တွေကို ရှောင်ပြီး ကျန်းမာအောင် နေထိုင်နိုင်ကြပါစေနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်